Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Friday, September 18, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (နိဂုံး)

(နည်းနည်းတော့ ရှည်လျားတယ်၊ အင်တာနက်က အမြဲသုံးလို့ မလွယ်ဘူး။ လွယ်တော့တော့လဲ လွယ်ပါတယ်လေ။ အီးမေးလ်ပဲ သုံးလို့ရတယ်။ ပို့စ်တင်ဖို့က မလွယ်ဘူး။ ဒါကြောင့် တစ်ခါတည်း အရှည်ကြီးကို တင်လိုက်တယ်။ ရန်ကုန်သွားတောလားကလဲ တန်းလန်း၊ ရဟန်းတော်များရဲ့ အမွေအနှစ်ကလဲ တန်းလန်း။ တန်းလန်းတွေက များနေတယ်။ နောက်ပြီး ကိုယ်ကလဲ ခရီးသွားရင်း တန်းလန်းဆိုတော့......အစစ ကြည့်လုပ်နေရတယ်။

ရေးထားတဲ့သူက တော်တော်ကောင်းတယ်။ တစ်နေ့က တက္ကသိုလ်ထဲရောက်သွားတော့ ဒီဆောင်းပါးကို စာအုပ်ငယ်လေးလုပ်ပြီး လိုက်ဖြန့်နေတယ်တဲ့။ ကျောင်းသားတွေကို အခမဲ့ ဝေပေးနေတယ်။ ပြန်ပွားအောင်လုပ်နေတာတွေ့တော့ ၀မ်းသာမိပါတယ်။ သူနဲ့ကိုယ်နဲ့လဲ မသိဖူးပါဘူး။ ထားပါတော့၊ ခင်ဗျားတို့လဲ ဖတ်ကြည့်လိုက်အုံးပေါ့ဗျာ)

ဒီမှာ လွဲမှားနေတဲ့ အရာတစ်ခု ရှိပါတယ်။ အချို့ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်တွေနဲ့၊ မွတ်စလင်တွေနဲ့ အမည်ခံတွေ့ဆုံးစည်းဝေးပြောဆိုမှုတွေကို မြှင့်တင်လုပ်ဆောင်နေကြခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုပြီး ဂုဏ်ယူနေကြပါတယ်။ ထေရ၀ါဒနဲ့မဟာယာန၊ မဟာယာနနဲ့တိဗက်…….အဲဒီလို အဲဒီလို ဗုဒ္ဓဘာသာဝင်အချင်းချင်းတွေ့ဆုံဖို့ကျတော့ အတော်ကို ခေါင်းမာနေကြဆဲပါ။

ဒီအဓိက ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးသုံးခုကြားမှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့ တွေ့ဆုံမှု နည်းနည်းလေးမှ မရှိတာဟာ အတော့်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။ စီးပွားရေးအရ အင်အားနည်းတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းတွေနဲ့ ဘုန်းကြီးတွေဟာ အနောက်နိုင်ငံမှာရောက်ရှိနေတဲ့ သူတို့နိုင်ငံဖွားဗုဒ္ဓဘာသာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ အတော်လေး ရုန်းကန်နေရပါတယ်။ အဲဒီလိုပဲ စီးပွားရေးအရ အင်အားကောင်းတဲ့ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက ကျောင်းတွေနဲ့ရဟန်းတွေဟာလည်း ချမ်းသာတဲ့အနောက်နိုင်ငံတစ်လွှား သူတို့ရဲ့ သြဇာအာဏာကို ဖြန့်ကျက်ဖို့ ရုန်းကန်နေကြရပြန်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေနဲ့ တက္ကသိုလ်တွေ အဲဒီမှာ ဆောက်လုပ်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျ ခံနေလင့်ကစား တိဗက်ရဟန်းတော်တွေကတော့ တိဗက်ဗုဒ္ဓဘာသာကို ကမ္ဘာက အာရုံကျစေဖို့ ကျော်ကြားလူသိများအောင် လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေနဲ့ နပန်းလုံးနေကြရပြန်ပါတယ်။

ဒီအခြေအနေ အချိုးအကွေ့တွေအားလုံးက အမေ့လျော့ခံ၊ မသိကျိုးကျွန်အပြုခံထားရတဲ့ ဗုဒ္ဓဘာသာဝင်သန်းပေါင်းများစွာကို သိသိသာသာပဲ ချန်ထားရစ်စေခဲ့ပါတယ်။ မထင်ရှားတဲ့ သူတို့ရဲ့ ဒေသတွေက ဗုဒ္ဓဘာသာဝင်တွေဟာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ဖန်တီးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မှုနဲ့ လူမှုရေးတိုက်ပွဲတွေမှာ အနောက်ကမ္ဘာမှာထက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလူးအလဲ လိုအပ်နေကြပါတယ်။

အနောက်ကမ္ဘာမှာလည်း အလားအလာကောင်းတဲ့ ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကို တစ်ယောက်ထက်မနည်း လိုအပ်နေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အနောက်ကမ္ဘာက လူတွေဟာ ပညာတတ်တယ်၊ ကြွယ်ဝတယ်၊ ဒါပေမယ့် သူတို့ကို တရားဟောတာကတော့ ကျွန်ုပ်တို့ အာရှသားတွေပါပဲ။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကန့်သတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အာရှအရင်းအမြစ်တွေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြိုးစားဆဲအခါမှာလည်း အထက်ပါ မထင်မရှား ဗုဒ္ဓဘာသာနယ်မြေတွေက ဗုဒ္ဓဘာသာတွေကို လုံးဝ လုံးဝ မေ့မထားသင့်ကြပါဘူး။

သူတို့တွေဟာ နှစ်ပေါင်းများစွာတိုင်တိုင် ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်၊ အခုထိလည်း ဗုဒ္ဓဘာသာဝင်တွေအဖြစ် သူတို့ကိုယ်သူတို့ ထိန်းထားကြဆဲပါ။ ဆိုတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို သူတို့ကို မျှဝေပေးရပါမယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ပိုပြီးသက်တောင့်သက်သာရှိတဲ့ ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာဝင်တွေဆီက ပံ့ပိုးမှုတွေကို မရရှိကြပါဘူး။

ကဲ …အခြေအနေတွေက အဲဒီလို ဖြစ်နေခဲ့ရင်…
ဗုဒ္ဓဘာသာကမ္ဘာက ကျွန်ုပ်တို့ ကျဉ်ဖယ်ထားတဲ့၊ ဗုဒ္ဓဘာသာလူမျိုးတွေနဲ့ အတူနေဖို့ ကြိုးစားနေတဲ့၊ သူတို့ကို လက်တွေ့ကျကျ ကူညီနေတဲ့၊ ပံ့ပိုးပေးဖို့ အဆင်သင့်သွားရောက်နေကြတဲ့ သူတွေ (ခရစ်ယာန်တွေ)ကို ကျွန်ုပ်တို့က ဆန့်ကျင်ပြီး ကဖျက်ကယက်လုပ်နေတယ်ဆိုရင် လူ့ကျင့်ဝတ်သိက္ခာအရ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့မှ မှန်ကန်တဲ့ လူမျိုးဖြစ်နိုင်တော့မလဲ။
ကဲ… အဲဒီလို ကူညီနေမှုကို ဆိုးရွားတဲ့လုပ်ရပ်လို့ ဆုံးဖြတ်ပြောကြားဖို့ ကျွန်ုပ်တို့ လက်ခံထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဘယ်တရားဓမ္မကရော အဲဒီလို ပြောကြားဖို့ ဖြစ်နိုင်ပါသလဲ။ (အဲဒီလို သူတို့ ကူညီနေကြတာဟာ ဗုဒ္ဓတရားတော်အရ မှန်ကန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ် သိုသိုသိပ်သိပ်လုပ်ရှားနေတဲ့ ခရစ်ယာန်တွေက ကျွန်ုပ်တို့ရဲ့ အမေ့လျော့ခံ၊ ကျဉ်ဖယ်ခံထားရတဲ့ ဗုဒ္ဓဘာသာတွေအတွက် ကူညီနေတာတွေကို မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျွန်ုပ်တို့တွေထဲက ဗုဒ္ဓဘာသာကို အရူးအမူး ယုံကြည်ကိုးကွယ်သူအများစုတောင်မှ လက်ခံကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ မွေးရာပါကောင်းမြတ်ခြင်းတရားများ ဖြစ်တယ်ဆိုတာ ဘယ်နည်းနဲ့မှ ငြင်းပယ်လို့ မရတဲ့၊ ဘေးချိတ်ထားလို့ မရတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။
ဒီအချက်တွေကပဲ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာတွေကို ကူညီဖို့ စွမ်းအားချို့တဲ့ခြင်းနဲ့ စိတ်အားမထက်သန်ခြင်းကို မေးခွန်းထုတ်နေပါတယ်။

ဟုတ်ပါတယ်။ ခရစ်ယာန်တွေဟာ ``ယေရှုကို ယုံကြည်လိုက်ပါ၊ သူဟာ မင်းတို့နဲ့အတူ အမြဲရှိနေပါလိမ့်မယ် (believe in Jesus, he will be always with you)´´ဆိုတဲ့ သူတို့ရဲ့ ကြွေးကြော်သံဆောင်ပုဒ်နဲ့အညီ အရမ်းကို အောင်မြင်နေကြပါတယ်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ``ကျွန်ုပ်တို့ဟာ သင်တို့ရဲ့ လိုအပ်နေတဲ့ မိတ်ဆွေများ ဖြစ်ပါတယ်´´ဆိုတဲ့ ကြွေးကြော်သံတစ်ခုကို လေ့လာသင်ယူပြီး တက်ကြွတဲ့ လူမှုရေးအကူအညီတွေကို လက်တွေ့ကျကျ လုပ်ပြပြီး သက်သေပြနိုင်ရင် အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာပါလိမ့်မယ်။ ဆန်းသစ်တဲ့အတွေးအမြင်ရှိတဲ့၊ တိုးတက်တဲ့ဗုဒ္ဓဘာသာဝင်တွေက အဆင့်မြှင့်တင်ထားတဲ့ လူသားဝါဒတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာဟာ နာမည်နဲ့လိုက်အောင် လူသားတွေအတွက် လုံလောက်တဲ့ ပူးပေါင်းပါဝင်မှု မရှိသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ ယခုအခါ ခရစ်ယာန်တွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကျွန်ုပ်တို့ရဲ့ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိုးရိမ်ရေမှတ်ရောက်နေတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ရင်ဆိုင်ပေးဖို့ သိသိသာသာ ပျက်ကွက်နေကြလို့ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာထဲမှာကို ဂိုဏ်းစွဲ၊ ဂဏစွဲနဲ့ အဖွဲ့အစည်းကွဲတွေ၊ (ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင် ငါတကောကော ဖွဲ့စည်းတည်ထောင်မှုတွေ)က အများကြီး ဖြစ်နေပါတယ်။ သူတို့လိုက်နာတဲ့ ဗုဒ္ဓဘာသာပုံစံကို မလိုက်နာတဲ့သူတွေကို ကူညီဖို့ စိတ်ဆန္ဒမရှိကြဘူး။ (ထေရ၀ါဒက မဟာယာနဗုဒ္ဓဘာသာဆိုရင် မကူညီချင်ဘူး…စသည်)။ ကူညီဖို့ တွန့်ဆုတ်နေကြပါတယ်။ ဒါဟာ အကြီးမားဆုံး စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။

သူတို့ (ခရစ်ယာန်စည်းရုံးရေးသမား)တွေဟာ သင့်လျော်တဲ့ အကူအညီပေးဖို့ မစဉ်းစားမီ အမျိုးမျိုးသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေကြားမှာ သွားရောက်နေတဲ့ ခရစ်ယာန်စည်းရုံးရေးသမားက တောင်းဆိုမှုများ ရှိပုံရပါတယ်။ ဥပမာအားဖြင့် ကိုရီးယားနဲ့ထိုင်ဝမ်တို့မှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေရှ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်တွေမှာ ပြန့်ကျဲနေတဲ့ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် လူမျိုးစုတွေဆီကို သွားပြီး အကူအညီတွေ ပေးဖို့ ဆန္ဒရှိကြပုံ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက ဖြစ်နေလို့ပါပဲ။ ထို့အတူပဲ စွမ်းနိုင်တဲ့ ထိုင်း၊ သီရီလင်္ကာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာတွေဟာလည်း ဟိမလေယျ(ဟိမ၀န္တာ)ဒေသမှာရှိတဲ့ လူနည်းစုဗုဒ္ဓဘာသာဝင်လူမျိုးစုတွေကို သွားရောက်ကူညီဖို့ ဆန္ဒမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ တိဗက်ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေလို့ပါ။

ဒါဟာ ဗုဒ္ဓမြတ်စွာက သူ့ရဲ့နောက်ပါတွေကို ဖြစ်စေချင်တဲ့ စိတ်ဓာတ်အခြေအနေ လုံးဝ မဟုတ်ပါဘူး။ ဘုရားရှင် နှစ်သက်တဲ့အနေအထားလည်း မဟုတ်ပါဘူး။ ဒါဟာ အမျိုးမျိုးသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေအကြားမှာ အပြန်ပြန်အလှန်လှန် တုံ့ပြန်ချက်တွေကို တားဆီးထားကြခြင်းရဲ့ သိသာထင်ရှားတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ဒီကမ္ဘာမြေပေါ်မှာ ခရစ်ဆိုတဲ့အနံ့မရခင်အချိန်ကတည်းက ထောင်ပေါင်းများစွာသော သာသနာပြုလုပ်ငန်းတွေရဲ့ ပထမဆုံးနဲ့ အအောင်မြင်ဆုံး ခေါင်းဆောင်တစ်ဆူဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ အမှန်တရားကို လက်ခံလိုက်ကြပါ။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပါပုဂ္ဂိုလ်တွေကို ဘာမှ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဟန်မဆောင်ဘဲ လက်ခံလိုက်ကြပါ။ ကျွန်ုပ်တို့ရင်ထဲမှာ ကွဲပြားနေတဲ့ အယူအဆတစ်ခုက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ထက် ကမ္ဘာမှာ ပညာအတတ်ဆုံး၊ ချမ်းသာကြွယ်ဝဆုံးနဲ့ အသိဉာဏ်ပညာအပြည့်စုံဆုံ ပဏ္ဍိတ်ကြီးတွေကို ပစ်မှတ်ထားဖို့ ခုံမင်နေကြခြင်းပါပဲ။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ လူသားတွေရဲ့ အသိဉာဏ်နဲ့ အတတ်ပညာတွေကို ကျွန်ုပ်တို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေကြတယ်။ ဒါက ဗုဒ္ဓဘာသာစည်းရုံးရေးသမားတွေရဲ့ အထွဋ်အမြတ်တစ်ခုလို ဖြစ်နေပါတယ်။

ဒီအလားအလာဟာ အခြားအကျိုးမဲ့ကိစ္စတွေဆီကို ကျွန်ုပ်တို့ကို ပို့ဆောင်ပေးနိုင်ပါတယ်။ အခြားအကျိုးမဲ့ကိစ္စဆိုတာက တစ်ခြားတော့ မဟုတ်ပါဘူး၊ ဆင်းရဲနုံချာလှတဲ့ မသိနားမလည်တဲ့ စာပေမတတ်မြောက်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဆုံးရှုံးသွားခြင်းပါပဲ။ ဒီအခြေအနေတွေက ကျွန်ုပ်တို့ အများကြီး ချီးကျူးထောမနာပြုနေတဲ့ အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို တောင်းဆိုနေခြင်းမျှသာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဗုဒ္ဓဘာသာကမ္ဘာက ကြီးမားခိုင်ခံ့စွာ ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းတွေ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေဟာ သူတို့ ပါးစပ်ကပြောထားတဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ ပြောင်ပြောင်တင်းတင်းကို ပျက်ကွက်နေကြပါတယ်။ အဲဒီအဖွဲ့အစည်း၊ အသင်းအဖွဲ့တွေအတွင်းမှာကိုပဲ ကျွမ်းကျင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လွဲမှားသောအပြုအမူများနဲ့ အကျင့်စာရိတ္တဖောက်ပြားမှုတွေရဲ့ သိက္ခာစောင့်စည်းမှုမရှိတဲ့ အကြွင်းအကျန်တွေကို အဲဒီအရာတွေက မီးမောင်းထိုးပြနေပါတယ်။
ခေတ်သစ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်အောင် သံဃာအဖွဲ့အစည်းတွေအနေနဲ့ အတွင်းကျကျ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။ အသိဉာဏ်ပညာလည်းမြင့်မား၊ ပညာလည်းတတ်၊ ကြိုးစားမှုလည်းရှိ၊ အလားအလာလည်းကောင်းတဲ့ ရဟန်းငယ်တွေ လူထွက်နှုန်းမြင့်မားလာနေတာဟာလည်း ကျွန်ုပ်တို့အတွက် တကယ့် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်ပါတယ်။

အဲဒီအားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေအများကြီးရှိနေပေမယ့်…..
ကျွန်ုပ်တို့မှာ ဆန္ဒလေးများ ရှိခဲ့ရင်….
တကယ့်ကို တစ်ကိုယ်ကောင်းဆန်မှုတွေ ကင်းနေခဲ့ရင်…..
``သတ္တ၀ါအများ ကောင်းကျိုးချမ်းသာအတွက်´´ဆိုတဲ့ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် အသုံးပြုခဲ့တဲ့ ကြွေးကြော်သံဆောင်ပုဒ်ကို လက်ကိုင်ထားခဲ့ရင်….
ကျွန်ုပ်တို့ လုပ်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။

ကဲ…ဒီလိုဆိုရင် ၂၃၈-ခုသော ကမ္ဘာ့ဗုဒ္ဓဘာသာလူမျိုးစုတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ သားကောင်အဖြစ် ဘယ်အချိန်မှာ ဘယ်လိုကျရောက်သွားနိုင်တော့မလဲ။ ကျွန်ုပ်တို့လို အသိပညာကြွယ်ဝတဲ့ ဗုဒ္ဓဘာသာတွေ လုပ်နိုင်တဲ့ အရာတစ်ခုခုများ ရှိသလား။ ဆင်းရဲသားတွေကို လက်ပိုက်ကြည့်နေပြီး အကူအညီပေးနေတဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေကို ``မကောင်းဆိုးဝါးများ´´လို့ အာပေါင်အာရင်းသန်သန် ရေရွတ်နေသင့်ပါသလား။

ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ အချိန်ကျပါပြီ။
တစ်ဦးနဲ့တစ်ဦး ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်ကျပါပြီ။

``သတ္တလောကကောင်းကျိုးအတွက် လှည့်လည်တရားဟောကြ၊ အများကောင်းကျိုးအတွက် လှည့်လည်တရားဟောကြ၊ သတ္တလောက အကျိုးစီးပွား ဖြစ်ထွန်းဖို့အတွက် လှည့်လည်တရားဟောကြ´´ဆိုတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တောင်းဆိုတိုက်တွန်းမှုကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်များအပေါ် ကျွန်ုပ်တို့ တင်ရှိနေသော အကြွေးတွေကို ပြန်လည်ပေးဆပ်ဖို့ အချိန်တန်ပါပြီ။

အဲဒါတွေကို လုပ်ဆောင်ဖို့ ပျက်ကွက်နေဦးမယ်ဆိုရင်တော့ ``မညီညွတ်သော ဗုဒ္ဓဘာသာဝင်များ၊ ပျင်းရိထုံထိုင်းသော ဗုဒ္ဓဘာသာဝင်များ၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသော ဗုဒ္ဓဘာသာဝင်များ၊ နွားခြေရာခွက်ထဲက ဖားလို ဗုဒ္ဓဘာသာဝင်များ´´ရယ်လို့ အပြစ်တင်မှုတွေသာ ကျွန်ုပ်တို့ဆီ ရောက်လာပါလိမ့်မယ်။ ။

(ပြီးပါပြီ)

1 comment:

Dr Phyo Wai Kyaw said...

အားလုံးကိုခြုံကြည့်ရင် ယေဘုယျလက်ခံနိုင်ဖွယ် ဖြစ်ပါတယ်။ အံ့သြမိတဲ့ အချက်တစ်ချက်ကတော့ သမိုင်း၊ နိုင်ငံရေး သဘောတရားတွေနဲ့ ဒဿနတွေကို ဒီဆောင်းပါးငယ်မှာ မစဉ်းစားပြထားလို့ပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ ကမ္ဘာ့နယ်မြေခွဲခြမ်းရေး၊ ခရူးဆိတ်စစ်ပွဲ၊ စက်တင်ဘာ ၁၁၊ အာဖဂန် အီရတ်စစ်ပွဲ စသည် တို့ကတော့ ဘာသာရေးနဲ့ နှီးနွှယ်တဲ့ စစ်သမိုင်းတွေ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကြွေးကြော်သံက ဒဿနနဲ့ နိုင်ငံရေး သဘောတရားသာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံကိစ္စက နိုင်ငံရေးဖြစ်ပါတယ်။ ဗီယမ်နမ်ကိစ္စကလည်း နိုင်ငံရေးနဲ့စစ်ရေးပါ။ ဒါတွေအားလုံးကို ဖန်တီးသူတွေက ခရစ်ယာန်တွေဘာသာဝင်တွေ ဖြစ်နေကြတာတစ်ချက်ပါ။

ဗုဒ္ဓဘာသာက သံသရာမှ လွတ်မြောက်အောင် ဦးစားပေးပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ နိုင်ငံရေး၊ စီးပွားရေး နဲ့ ပညာရေး ဖြစ်ပါတယ်။ မဟာယာနနဲ့ ထေရ၀ါဒအယူအဆများကို ပူးပေါင်းခြင်းမပြုတာဟာ လူသားချင်း စာနာထောက်ထားမှု မရှိတာနဲ့ ရောယှက်တင်ပြခြင်း ပြုနိုင်ဖွယ်မရှိဘူးလို့ ထင်ပါတယ်။

ဗုဒ္ဓဘာသာက တင်းတိမ်ရောင့်ရဲဖို့ဟောလို့ ဆင်းရဲတယ် ဆိုတဲ့ အယူအဆကိုတော့ လက်မခံနိုင်ပါဘူး။ ၁၀၀ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် စီးပွားရေးသမားတွေဟာ အဲဒီတင်းတိမ်ရောင့်ရဲဖို့ ဆိုတဲ့ အယူအဆကို ထည့်တောင် မတွက်ကြဘူး။ ဒီနေရာမှာတော့ ပါးတစ်ဖက်ရိုက်ရင်အခြားပါးတစ်ဖက်ကို ထိုးပေးရမယ် ဆိုတဲ့ ခရစ်တော်ရဲ့စကားကို စစ်ပွဲတစ်ရပ်အတွက် ခရစ်ယာန်များက လျစ်လျူရှုရသလိုပါပဲ။

တပည့်တော်တစ်ယောက်တည်းအနေနဲ့ကတော့ စာနာကူညီတဲ့ ပရဟိတလုပ်ငန်းများကို ထောက်ခံပါတယ်။ ဘာသာဝင်များခြင်း နည်းခြင်းကိုတော့ ဂရုမပြုချင်ဘူး။ တပည့်တော်ကိုယ်တိုင်လည်း အရင်ဘ၀များက အနောက်တိုင်းမှာ ခရစ်ယာန်တစ်ယောက် ဖြစ်ချင်ဖြစ်ခဲ့မယ်။ အနောက်တိုင်းက ခရစ်ယာန်များဟာလည်း မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကောင်းဖြစ်ခဲ့ပါမယ်။

အစွဲသိပ်များနေရင်တော့ ဒီဆောင်းပါးလေးက အထောက်အကူ ပြုမှာ အမှန်ပါပဲ။ သာသနာကြီးအရှည်တည်တံ့ပြီး သာသနာရဲ့ ထောက်ပံ့မှုကိုရသဖြင့် လူသားအားလုံး စိတ်ချမ်းသာကြပါစေ။